“ယူနိုက်တက်အသင်းဖော်တွေ ပေးထားတဲ့ ဂိုးသမားကြီး အိုနာနာရဲ့ နာမည်ပြောင်က ဘာလဲ”

အိုးထရက်ဖို့ဒ်ကို စတင်ရောက်ရှိ လာစဉ်ကတည်းက အသင်းဖော် အသစ်တွေက သူ့ကို ပေးအပ်လိုက်တဲ့ နာမည်ပြောင်နဲ့ ပတ်သက်ပြီး ဂိုးသမားကြီး အိုနာနာက ထုတ်ဖော်ပြောကြားလာပါတယ်။

ကင်မရွန်း လက်ရွေးစင် ဂိုးသမားကြီးဟာ ဒီနွေရာသီမှာမှ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းကြီးထံ အီတလီကလပ် အင်တာမီလန်အသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သရဲနီတို့ရဲ့ သက်တော်ရှည် ဂိုးသမားကြီး ဒေးဗစ် ဒဟေးယားနေရာမှာ တိုက်ရိုက်အစားထိုး ဝင်ရောက်လာခဲ့တဲ့ အိုနာနာဟာ အိုးထရက်ဖို့ဒ်မှာတော့  ပစ်ရမှာလည်း ဆီတဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ် အခြေအနေမျိုး ကြုံနေရပါတယ်။ သို့ပေမယ့် အတွေ့အကြုံရင့် ကစားသမားတဦး ဖြစ်တာနဲ့အညီ အိုနာနာဟာ သရဲနီ ကစားသမားတွေကြားမှာ ဦးဆောင်မှု ပေးနိုင်တဲ့ အနေအထားမျိုး ရှိနေပြီး၊ အဲရစ် တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းမှာလည်း ချွင်းချက်မရှိ ပါဝင်နေပါတယ်။ လက်တလောမှာပဲ ကင်မရွန်း ဂိုးသမားကြီးက သူ့ရဲ့ တကိုယ်ရည် ခံစားချက်အရ ဘောလုံးသမား မဖြစ်ခဲ့ရင်၊ ရဲအရာရှိတဦး ဖြစ်ချင်တယ်လို့ ပြောလာခဲ့ပါတယ်။

*ကျနော် ရဲအရာရှိတဦး ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျနော်က တာဝန်ယူရတာကို နှစ်သက်လို့ပါ။ ဒါကြောင့်ပဲ ကျနော့်အသင်းဖော်တွေက ကျနော့်ကို the boss လို့ ခေါ်နေကြတာပါ။ ကျနော် နိုင်ငံရေးကိုလည်း သဘောကျပါတယ်။ ဒါကို အမြဲတမ်း လေ့လာချင်ခဲ့ပါတယ်။ ဒီအရာက ကမ္ဘာကြီး ဘယ်လို အလုပ်လုပ်နေတယ်ဆိုတာ နားလည်ဖို့ ကျနော့်ကို ကူညီပေးပါတယ်” လို့ အိုနာနာက ပရီးမီးယားလိဂ်ရဲ့ တရားဝင် YouTube channel မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *